“နည်းဗျူဟာအပြောင်းလဲကြောင့် လက်စတာကို နိုင်ခဲ့တာမဟုတ်ဘူး” လို့ ဆိုလိုက်တဲ့ မော်ရင်ဟို

မော်ရင်ဟိုက သူ့ရဲ့နည်းဗျူဟာအပြောင်းအလဲကြောင့် လက်စတာစီးတီးကို အနိုင်ရခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ စနေနေ့ညက လူစားလဲဝင်ရောက်လာတဲ့ ကစားသမား ၃ ယောက်ဖြင့် လက်စတာစီးတီးအသင်းကို (၂-၀)နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်အဖွင့်ဂိုးကို ပွဲချိန် ၆၇ မိနစ်မှာ လူစားလဲဝင်ရောက်လာတဲ့ ရက်ရှ်ဖို့ဒ်က ၃မိနစ်အတွင်း သွင်းယူနိုင်ခဲ့သလို၊ ဒုတိယအနိုင်ဂိုးကိုလည်း နောက်ထပ် ၀င်ရောက်လာကြတဲ့ လင်းဂတ်နဲ့ ဖယ်လိုင်နီတို့နှစ်ယောက် ပေါင်းစပ်၍ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် (၃)ပွဲဆက် အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အသိဥာဏ်ကောင်းလှတဲ့ လူစားလဲခြင်းတွေကို တွေ့မြင်ရပေမယ့် မော်ရင်ဟိုကတော့ ဒါဟာ ကစားသမားတွေ ကောင်းကြလို့ပါဆိုပြီး သူ့အသင်းသားတွေကို အခုလို ချီးမွမ်းလိုက်ပါတယ်။

“အရမ်းကောင်းတဲ့ ကစားသမားတွေ” လို့ မော်ရင်ဟိုက ပြောပါတယ်။

“ဒါဟာ ကစားသမားတွေရဲ့အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ ပြသလိုက်တာပဲ။ သူတို့အတွက် အရံခုံပေါ်ကနေ ထလာရလို့ ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အုပ်စုက အရမ်းခိုင်မာတယ်”

“ကျွန်တော် အရမ်းပျော်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက် မဟုတ်ဘူး။ ဖယ်လိုင်နီ၊ လင်းဂတ်၊ ရက်ရှ်ဖို့ဒ် တို့အတွက် ပျော်တာ။ လူစားလဲမှုတွေ ပြုလုပ်လိုက်တိုင်း ကျွန်တော်တို့တွေ အမြဲတမ်း မှန်ကန်ခဲ့တယ်”

“တကယ်လို့ သူတို့တွေကို အရံခုံမှာ မထားခဲ့ဘူးဆိုရင် ဒီလိုအောင်မြင်တဲ့ ပြောင်းလဲမှုမျိုး မလုပ်နိုင်လောက်ဘူး။ ကစားသမားတွေက အရမ်းအလုပ်ကြိုးစားကြတာ။ အရံခုံပေါ်မှာနေပြီး မကစားရသေးတဲ့ ကစားသမားတွေကလည်း အခွင့်ရေးတွေကို စောင့်နေတာ” လို့ မော်ရင်ဟိုက ပြောပြပါတယ်။

ဆက်လက်ပြီး လက်စတာတိုက်စစ်မှူး ဗာဒီဟာ အရမ်းအန္တရာယ်ရှိတဲ့ ကစားသမားဆိုတာ ဟုတ်ပါသလား? လို့ မေးကြည့်တော့ –

“သူက ပရီးမီးယားလိဂ်မှာ အရမ်းအန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေထဲက တစ်ယောက်လို့တော့ ကျွန်တော်ပြောချင်တယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အဲလိုမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို ကျွန်တော်တို့ အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တယ်” လို့ ပြန်ဖြေပါတယ်။

နောက်ဆုံးအနေနဲ့  လက်စတာစီးတီးအသင်းဟာ အာဆင်နယ်အတွက် ဒုက္ခပေးနိုင်ခဲ့လား? လို့မေးကြည်တော့့ “ဟုတ်ပါတယ် ကျွန်တော် အဲဒီပွဲကို ၃ ကြိမ်တောင် ပြန်ကြည့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘာမှမဟုတ်ခဲ့ပါဘူး” လို့ မော်ရင်ဟိုက ဖြေကြားခဲ့ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …