အသင်းပြောင်းလိုက်ရင် အဆင့်နိမ့်သွားလိမ့်မယ်လို့ ဂျိမ်းစ်နဲ့ မိုရာတာတို့ကို မိုဒရစ်သတိပေး

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား မိုဒရစ်က အသင်းဖော် မိုရာတာနဲ့ ဂျိမ်းစ်ရိုဒရီဂွတ်တို့ကို ‘အသင်းမှ ထွက်ခွာသွားရင် ကစားသမားဘ၀ တဆင့်နိမ့်သွားလိမ့်မယ်’ ဆိုပြီး သတိပေးစကား ဆိုလိုက်ပါတယ်။

ကိုလံဘီယာသား ဂျိမ်းစ်ရိုဒရီဂွတ်က ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ပွဲထွက်စာရင်းထဲ မပါဝင်သည့်အပြင် အရံစာရင်းထဲမှာတောင် မရှိခဲ့လို့ အသင်းမှ ထွက်ခွာချင်နေပြီး မန်ယူနဲ့ အင်တာအသင်းတို့နဲ့ ဆက်သွယ်မှုတွေ ရှိနေပါတယ်။

ထိုနည်းတူစွာ မိုရာတာကလည်း အသင်းမှာ ပွဲချိန်နည်းပါးတယ်ဆိုပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ နေရာရဖို့ တခြားအသင်းဆီ ပြောင်းချင်နေပြီး မန်ယူနဲ့ ချဲလ်ဆီးတို့ရဲ့ အဓိကပစ်မှတ်ကစားသမား ဖြစ်နေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့ မန်ယူအသင်းက လူကာကူကိုခေါ်ဖို့ သဘောတူညီမှု ရပြီးပြီဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးထံ ရောက်ဖို့ ဖြစ်နိုင်ချေများနေပါတယ်။

ထိုအကြောင်းအရင်းများကြောင့် ဂျိမ်းစ်နဲ့ မိုရာတာတို့ ကလပ်မှ ထွက်ချင်နေပေမယ့် ရီးရဲလ်မက်ဒရစ်မှာနေရင် သူတို့ရဲ့ ကစားသမားဘ၀က အထွဋ်အထိပ်မှာ ရှိနေမည်ဖြစ်ကြောင်း မိုဒရစ်က အခုလို ယုံကြည်စွာ ပြောလိုက်ပါတယ်။

“ရီးရဲလ်မက်ဒရစ်မှ ထွက်ဖို့ ဆုံးဖြတ်ချက်ချရတာ လွယ်မယ်မထင်ဘူး” လို့ စပါးကစားသမားဟောင်း မိုဒရစ်က မာကာမှာ ပြောပါတယ်။

“ဒီမှာ ကစားတာနဲ့ တခြားမှာ ကစားရတာ မတူဘူး။ အခုက ကမ္ဘာ့အကောင်းဆုံးကလပ်မှာ ရှိနေတယ်ဆိုတာ သေချာတယ်။ တခြားမှာ သွားကစားရင်တော့ ကစားသမားဘ၀ အဆင့်နိမ့်သွားနိုင်တယ်”

“လူတိုင်းမှာတော့ အကြောင်းပြချက်ကိုယ်စီ ရှိကြမှာပဲ။ ကျွန်တော်လည်း သူတို့လိုမျိုး ကြုံတွေ့နေရင် ဒီမှာပဲ ဆက်နေဖို့ လုပ်မိလိမ့်မယ်။ ဒါပေမယ့် ဘောလုံးလောကဆိုတာ အပြောင်းလဲမြန်တယ်” လို့ ပြောလိုက်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …