ငယ်ငယ်က လီဗာပူးလ်ဆိုတာ ဥရောပရဲ့ အကြီးမားဆုံးအသင်းတစ်ခုလို့ ဆွာရက်ဇ်ပြော

ဆွာရက်ဇ်ဟာ သူငယ်ငယ်က လီဗာပူးလ်အသင်းဆိုတာ ဥရောပရဲ့ အကြီးမားဆုံးအသင်းတစ်ခုလို့ ခံယူထားပြီး ငယ်အိပ်မက်တစ်ခုဖြစ်ပေမယ့် အမှန်တကယ် ကစားရလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း ပြောလိုက်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ၂၀၁၁ ခုနှစ်တွင် အေဂျက်စ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၄ ခုနှစ် ဘာစီလိုနာသို့ မပြောင်းခင်အချိန်အထိ လီဗာပူးလ်အသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

“ကျွန်တော် ငယ်စဉ်က လီဗာပူးလ်ဆိုတာ ဥရောပရဲ့ အကြီးဆုံးအသင်းတစ်ခုပဲ။ တစ်ကမ္ဘာလုံးကလည်း ဒီလိုပဲ သတ်မှတ်ကြတယ်” လို့ လီဗာပူးလ်အသင်း၏ တရားဝင်ဝက်ဆိုဒ်မှာ ပြောထားပါတယ်။

“နောက်ပိုင်း ကလပ်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ သိလိုက်ရတော့ တကယ်အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတာ သံသယမရှိ ယုံကြည်သွားတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းဆိုတာ ကစားသမားတိုင်းအတွက် အိပ်မက်တစ်ခု ဖြစ်နေလို့ပဲ။ ကျွန်တော် အဲဒီမှာ ကစားဖို့ အခွင့်အရေးရလာလိမ့်မယ်လို့ကို မထင်ခဲ့မိဘူး” လို့ ပြောလိုက်ပါတယ်။

ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲအရေအတွက် (၁၁၀) ကစားပေး၍ (၆၉)ဂိုး သွင်းယူနိုင်ခဲ့ပြီး စပိန်ကလပ် ဘာစီလိုနာအတွက် (၉၇)ပွဲကစားပေးထားရာ (၈၅)ဂိုး သွင်းယူထားနိုင်သလို (၃)နှစ်အတွင်း ချန်ပီယံလိဂ်ဖလား (၁)ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား (၁)ကြိမ်၊ လာလီဂါဖလား (၂)ကြိမ် နဲ့ စပိန်ဘုရင့်ဖလား (၃)ကြိမ် ဆွတ်ခူးပေးထားနိုင်ပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …