စီရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ

စီရော်နယ်ဒိုဟာ အခွန်ပြသနာကြောင့် စိတ်ခံစားခဲ့ရပြီး သူ့အနာဂတ်နဲ့ ပတ်သတ်၍ မတည်မငြိမ် ဖြစ်ခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်မှာ ဆက်နေသွားမယ်လို့ စပိန်သတင်းစာ AS မှာ ဖော်ပြထားပါတယ်။

ပေါင် ၁၂.၉ သန်းလောက် အခွန်ရှောင်ခဲ့တယ်လို့ စပိန်အစိုးရမှ စွပ်စွဲခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ စိတ်ဆိုးဒေါသထွက်ပြီး ဘာနေဗျူးမှ ထွက်ချင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်က ပြောပါတယ်။

စီရော်နယ်ဒိုအနေနဲ့ အခွန်လိမ်လည်ခြင်း ပြစ်မှုထင်ရှားခဲ့ရင် ထွက်ခွာဖြစ်လိမ့်မယ်လို့ ကလပ်ထံ အသိပေးခဲ့ကြောင်း၊ ဂျူဗင်တပ်ကို (၂) ဂိုးသွင်းခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် စီရော်နယ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒီနဲ့ PSG အသင်း၏ ဥက္ကဌဖြစ်သူ Nasser Al-Khelaifi တို့ နာရီအနည်းငယ် ဆွေးနွေးခဲ့ကြောင်း Daily Mail မှာ ဖော်ပြထားပါတယ်။

စီရော်နယ်ဒိုဟာ ဇူလှိုင်လ ၃၁ရက်တွင် အခွန်ပြသနာဖြေရှင်းဖို့ တရားရုံးတက်ရမှာ ဖြစ်ပေမယ့် ကိုယ်စားလှယ်တွေက ဘာနေဗျူးမှာ ဆက်နေတာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ သွေးဆောင်စည်းရုံးခဲ့သလို၊ ရီးရဲလ်မက်ဒရစ်အကြီးအကဲတွေကလည်း “အနာဂတ်စီမံကိန်းထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေဆဲပဲ” လို့  ပြောကြားအပြီးမှာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ စီရော်နယ်ဒို ဆုံးဖြတ်လိုက်ကြောင်း AS သတင်းများအရ သိရပါတယ်။

စီရော်နယ်ဒိုဟာ ယခုဆို ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်မှာ ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ် (၃-၀)နဲ့ ရှုံးနိမ့်ပြီးနောက် ပေါ်တူဂီအသင်း၏ တတိယနေရာလုပွဲမှာ မပါဝင်တော့ဘဲ  အငှားကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားခဲ့တဲ့ အမွှာရင်သွေးလေးတွေရှိရာ ပြန်သွားပြီး အပန်းဖြေ အနားယူနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီကြိုလေ့ကျင့်ရေးကို တနင်္လာနေ့တွင် စတင်မှာ ဖြစ်ပေမယ့် အနားယူချိန် ပိုပေးထားတဲ့  ရော်နယ်ဒိုကတော့ ဇူလှိုင်လကုန်လောက်မှ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ပြီး ထိုအချိန်မှ အပြောင်းအရွှေ့ကိစ္စနဲ့ စပ်လျဉ်း၍ ပီရက်က အသေးစိတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Check Also

“ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ရင် အနားယူလိုက်မယ်” လို့ အာဂျင်တီးနား နည်းပြပြော

အာဂျင်တီးနားနည်းပြချုပ် လီယွန်နယ် စကာလိုနီကတော့ ဘရာဇီးနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူတို့အသင်း ဖလားဆွတ်ခူးနိုင်ခဲ့ရင် နည်းပြဘ၀မှ အနားယူလိုက်မယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတုန်းက …